ဖေဖော်ဝါရီလ (၈)ရက်။
အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထပ်မံပြောဆိုထားချက်အရ သိရပါတယ်။
“ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူး” လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတို့မှာ အမျိုးသမီးနဲ့ အမျိုးသား အကျုံးဝင်တဲ့ အသက်အရွယ်ပိုင်းအလိုက် ပြောဆိုထားပြီး အဲ့ဒီအပေါ်မှာ အမျိုးသမီးတွေကို ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
နောက်ပြီး စစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ပြောဆိုထားကာ မသမာမှုတွေကို စုံစမ်းအရေးယူတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သူက ထည့်သွင်းပြောဆိုထားပါသေးတယ်။
စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းတွေ မခေါ်သေးဘူးလို့ ပြောဆိုနေပေမယ့် မြေပြင်မှာတော့ ရန်ကုန်အပါအဝင် နယ်မြို့အချို့မှာ အသက်(၁၈)နှစ်ကနေ (၂၇)နှစ်ထဲရှိ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းကောက်တာတွေ ရှိနေပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အောက်ခြေဝန်ထမ်းတွေက ဥပဒေမဲ့ ပြုလုပ်နေတာကို သိနေပေမယ့် စစ်သားလိုအပ်ချက်ကြောင့် မျက်ကွယ်ပြုနေတယ်လို့ လေ့လာသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/U-Zaw-Min-Tun.jpg)