ဖေဖော်ဝါရီလ (၁၄)ရက်။
မနေ့က ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းတွေထံက သိရပါတယ်။
“ ကမ်းပါးနီတံတားနားက စကစတပ်စခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာ မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကစဘက်က အထိနာပြီး (၂၀)ကျော်ဖမ်းမိခဲ့တယ်” လို့ ဆိုပါတယ်။
ကမ်းပါးနီတံတားအနီးက စစ်ကောင်စီစခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က (၁၃)ရက်နေ့မှာ သိမ်းပိုင်နိုင်ခဲ့တာလို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးကာ (၂၀)ဦးကျော် အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လေကြောင်းပစ်ကူတာအပြင် လေယာဉ်နဲ့ စစ်အင်အား တိုးချနေသလို အထိနာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မှန်တောရွာနဲ့ ကြံသာရွာဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ကမ်းပါးနီစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီက နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကားလမ်းအနီးရှိ ကျေးရွာတွေက ဒေသခံပြည်သူ (၅၀၀၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့တောင်ပိုင်းရှိ စစ်ကောင်စီစခန်းတွေထဲက ရန်ကြီးအောင်စခန်းနဲ့ မြောက်စည်းစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ စခန်းအချို့သာ ကျန်ရှိတော့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
