မေလ (၅)ရက်။
ဒီကနေ့ နံနက် (၉)နာရီအချိန်က ရေဦးမြို့ အင်ပုထိုးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေဦးမြို့ အင်ပုထိုးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ။ ကျေးရွာထဲက အမျိုးသမီးတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက အင်ပုထိုးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂)ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဦးနယ် အင်ပုထိုးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။
ရေဦးမြို့နယ်မှာ တိုက်ပွဲမဖြစ်တာ ကာလအတော်ကြာပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။
