မေလ (၆) ရက်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းဆည်းရရှိတဲ့ လက်နက်တွေကို ပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေကို မျှမျှတတ ခွဲဝေမပေးဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။
တိုက်ပွဲမစခင် မဟာမိတ်တပ်ဖွဲ့တွေက မိမိမှာပါတဲ့လက်နက်တွေကို ဗဟိုစစ်ကွပ်ကဲရေးကို စုပေါင်းအပ်ခဲ့ကြပြီးမှ စစ်ဆင်ရေးကို COC အောက်ကနေတဖန် ပြန်ချပေးတဲ့လက်နက်တွေနဲ့ ညွှန်ကြား အမိန့်ပေးချက်နဲ့အညီ ဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပြီး အောင်ပွဲရရှိခဲ့ကြတာ ဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာတော့ ဒေသခံ ချင်းညီနောင် – ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-မင်းတပ်က မျှမျှတတ ခွဲဝေပေးခဲ့ပေမယ့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာတော့ ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က မျှမျှတတ ခွဲဝေမပေးတဲ့အပြင် မဟာမိတ်တွေပိုင်တဲ့လက်နက်တွေ တိုက်ပွဲမှာသုံးခဲ့တဲ့ကျဥ်တွေကိုလည်း အစားပြန်ဖြည့်ပေးတာ မရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
သိမ်းဆည်းရရှိတဲ့ ရန်သူလက်နက် ၅၀၀ ကနေ သူတို့တပ်အတွက် အကောင်းဆုံးတွေကို ရွေးချယ်ယူထားပြီး ကျန်လက်နက်တွေထဲက ပျက်စီးစာရင်း ထုတ်နှုတ်ပြီး မဟာမိတ်အဖွဲ့တွေကို တဖွဲ့ တလက်နှစ်လက် အများဆုံး ၄-၅ လက်မျှသာ ပြန်ပေးတယ်လို့ ဆိုပါတယ်။
မဟာမိတ်အဖွဲ့တွေရဲ့ ထိခိုက်ပျက်စီး သွားတဲ့ လက်နက်တွေကိုလဲ အစားထိုးလဲပေးခြင်းလဲမရှိတဲ့အတွက် အဖွဲ့အများအပြားက ဒီလိုအသက်စွန့်တိုက်ပေးခဲ့တာကို တန်ဖိုးထားလေးစားမှုရှိတယ်လို့မခံစားရလို့ မယူခဲ့ကြဘဲ ထားပစ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲထဲမှာ 96 Soldiers PDF၊ Anti-Fascist Internationalist Front (AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF)၊ Generation Z Army (GZA)၊ Giant Revolution Force (GRF)၊ Harmonious Northern Brothers (HNB)၊ Kalay Revolution Force (KRF)၊ Kalay Urban Guerrilla (Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force (YDF)၊ Zo Army (ZA)၊ ကလေးခရိုင်ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မြေပြင်တော်လှန်ရေးအဖွဲ့တွေက သူတို့ရဲဘော်တွေရဲ့ အသက်တွေကို တန်ဖိုးမထားတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ဒဏ်ရာရလို့ ခြေလက် ပေးဆပ်ခဲ့ရတဲ့သူတွေကိုလည်း စော်ကားတာလို့ ပြောဆိုခဲ့ပါတယ်။
ဒီလို တကိုယ်ကောင်းစိတ်ထားမှုမျိုးဟာ အနာဂါတ် တပ်ပေါင်းစု ဖွဲ့စည်းဖို့ကိစ္စမှာ ကြီးမားတဲ့အဟန့်အတားဖြစ်စေခဲ့ပြီး နောင်ချင်းပြည်နယ် တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်နိုင်မှုကို ထိခိုက်စေတယ်လို့ ဝါရင့်နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုခဲ့ပါတယ်။
CNDF တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်ခွဲတဲ့အချိန် သူမရှိလို့ မသိဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
+++++++++++++++++++++++++
ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်တဲ့ အရင်သတင်းတွေကို အောက်ပါလင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း CB ထုတ်ပြန်ကြေညာ
https://eraseye.com/2025/09/36820/
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ MBT ထုတ်ပြန်
https://eraseye.com/2025/10/36882/
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ရဲဘော် (၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Generation Z Army (GZA) ထုတ်ဖော်ပြော
https://eraseye.com/2025/11/36885/
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ BNRA ထုတ်ပြန်
https://eraseye.com/2025/11/36890/
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို GZ မျိုးဆက်တပ်တော် (GZA) ထုတ်ပြန်
https://eraseye.com/2025/16/37052/

