ဇူလိုင်လ (၈)ရက်။
မနေ့က ည (၁၀)နာရီခွဲခန့်မှာ ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
“ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်းကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ (၃)လုံး (၁)နေရာနဲ့ (၂)လုံး (၁)နေရာ ကြဲချခဲ့တာ၊ တမိသားစုထဲ (၃)ယောက် သေဆုံးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေ စစ်ရှောင်စခန်းရှိ နေရာ (၂)ခုကို ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး (၄)နှစ်အရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်မိသားစုဝင် (၃)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ရှောင် (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုလို စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်လော်ဘီတွေက PDF စခန်းကို တိုက်ခိုက်ခဲ့တာလို့ သူတို့ရဲ့ချန်နယ်တွေမှာ ရေးသားထားကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အထဲ မပေါက်ကွဲသေးတဲ့ ဗုံးသီး (၁)လုံးကိုလဲ တွေ့ရှိခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
