ဩဂုတ်လ (၂၂)ရက်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်တွေကို ပြည်သူတွေက CDF-MINDAT ထံ လာရောက်အပ်နှံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေဖို့ပြီး ဝှက်ထားတဲ့ လက်နက်တွေကို တာဝန်သိပြည်သူတွေက စစ်ဦးစီးချုပ်ရုံးမှာ လာအပ်နှံခဲ့ကြတာ” လို့ ဆိုပါတယ်။
အခုလို ပြည်သူတွေက လာရောက်အပ်နှံတဲ့အထဲ MA-15(စက်လတ်) (၁)လက်၊ RPG 7 (၁)လက်၊ MA-4 (၁)လက်၊ MA-3 (၁)လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံခဲ့တဲ့ ပြည်သူတွေကို ဆုကြေးငွေတွေ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလထဲမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
