ဩဂုတ်လ (၂၈)ရက်။
မကြာမီရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားဖို့ရှိတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် အလုပ်သဘောခရီး သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနဲ့ တရုတ်ပြည်သူတွေရံ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်တာ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတအပါအဝင် အခမ်းအနားကို တက်ရောက်လာမယ့် အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ခရီးစဉ်ထဲ နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူအကြား ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတရုတ်နိုင်ငံခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။
နောက်ပြီး စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ပြုလုပ်မယ်ဆိုပြီး ကြေညာပြီးတဲ့နောက်မှာ အခုလို တရုတ်ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်တယ်လို့လဲ သိရပါတယ်။
