စက်တင်ဘာလ (၂)ရက်။
မနေ့က နေ့လယ် (၁)နာရီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကော့နွဲ့တံတားကို စစ်တပ်ရဲ့ အထူးတံတားအဖွဲ့က ဒုညွှန်ကြားရေးမှူး ဦးဆောင်ပြီး အင်ဂျင်နီယာတစ်ဦးနဲ့ အလုပ်သမား (၂၆)ဦးတို့က ပြန်လည်ပြုပြင်နေတာလို့ ဆိုပါတယ်။
အဲ့ဒီလိုပြင်ဆင်နေချိန် တံတားရဲ့ အနောက်မြောက်ဘက် မီတာ(၃၆၀၀)ခန့်အကွာရှိ ပျားပင်ရွာနေရာနဲ့ တံတားရဲ့ တောင်ဘက် မီတာ (၃၇၀၀)ခန့်အကွာရှိ မြို့ဟောင်းရွာတို့ကနေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ဖော်ပြထားပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် တံတားလုပ်ငန်းဆောင်ရွက်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေပြီး ဒဏ်ရာရသူတွေကို ဘားအံမြို့ရှိ တောင်ကလေးဆေးရုံ ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
ကော့ကရိတ်မြို့ရှိ ကော့နွဲ့တံတားကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလထဲ မိုင်းခွဲဖျက်ဆီးခံခဲ့ရကာ KNU နဲ့ PDF တွေက လုပ်ဆောင်တာဆိုပြီး စစ်တပ်က စွပ်စွဲပြောဆိုထားပါတယ်။
စစ်တပ်က လက်လွှတ်ခဲ့ရတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေကာ မနေ့က ညပိုင်းအချိန်ကစပြီး ဒီကနေ့ နံနက်ပိုင်းအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

