စက်တင်ဘာလ (၄)ရက်။
မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို Y-12 လေယာဉ်ကော အသေခံဒရုန်းတွေနဲ့ကော အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က Y-12 လေယာဉ်အပြင် အသေခံဒရုန်းတွေနဲ့ လေကြောင်းကနေ ဗုံးအလုံးရေ (၅၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်က ကြဲချခဲ့တဲ့ ဗုံးတွေထဲက အချို့ဟာ ဆည်တော်ကြီး တာတမံအနီးတဝိုက်နဲ့ ဓါတ်အားပေးစက်ရုံထဲ ကျရောက်ပေါက်ကွဲခဲ့ကာ ထရန်စဖော်မာ (၃)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဆည်တော်ကြီး ဓါတ်အားပေးစက်ရုံဟာ ပုသိမ်ကြီးမြို့၊ မတ္တရာမြို့၊ စဉ့်ကူးမြို့နဲ့ သပိတ်ကျင်းမြို့တို့အတွက် လျှပ်စစ်မီးရရှိဖို့ အဓိကကျတဲ့ ဓါတ်အားပေးစက်ရုံတခုဖြစ်တယ်လို့ သိရပါတယ်။



