စက်တင်ဘာလ (၆)ရက်။
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP-AD က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုစေဖို့ ရရှိအောင် ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲလို ဆိုပါတယ်။
အဲ့ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့၊ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေဖို့နဲ့ စစ်ကျွန်သက်ဆိုးရှည်စေဖို့ဖြစ်ပြီး နိုင်ငံထဲ ပဋိပက္ခကို ပိုမိုပြင်းထန်လာစေမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ ပြုလုပ်သူတွေလို့ NMSP-AD က သတ်မှတ်ထားပါတယ်။
ဒါ့အပြင် NMSP-AD ရဲ့ ထိန်းချုပ်ဒေသနဲ့ လှုပ်ရှားဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်တာကို လုံးဝလက်မခံသလို မွန်ပြည်သူတရပ်လုံးအနေနဲ့လဲ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
