စက်တင်ဘာလ (၉)ရက်။
CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး အာဏာမက်မောကာ သူတို့သာ ရွေးကောက်ခံအစိုးရဆိုတာ မပျောက်ဆုံးဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေတာလို့ ဆိုထားပါတယ်။
နိုင်ငံအာဏာကို မတရားရယူဖို့ကြိးပမ်းနေပြီး ပြည်သူကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်က ဒီမိုကရေစီကို နောက်ပြန်ဆွဲတာက လက်နက်ကိုင်လမ်းစဉ်ကြောင့်ဆိုတာကို ရှုမြင်ဖို့ အချိန်တန်ပြီဆိုပြီး ရေးသားထားပါတယ်။
နောက်ပြီး PDF ကို ဖွဲ့စည်းကာ လက်နက်ခဲယမ်းရရှိဖို့ အချို့ EAO တွေလက်အောက်ကို သွတ်သွင်းပြီး သူတို့ရဲ့ နယ်မြေကျူးကျော်ချဲ့ထွင်တာတွေအတွက် PDF တွေကို လက်ကိုင်တုတ်အနေနဲ့ အသုံးပြုကာ PDF တွေရဲ့ ဘဝကို စတေးခဲ့တာလို့လဲ ထုတ်ပြန်ထားပါသေးတယ်။
ဒါ့ကြောင့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့နဲ့ နိုင်ငံအကျိုးဖော်ဆောင်ဖို့ ဆန္ဒရှိရင် ကြိုဆိုလက်ခံမယ်ဆိုပြီး ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့ နီးစပ်ရာတပ်စခန်းတွေနဲ့ ဒေသအာဏာပိုင်တွေဆီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ဖို့ စစ်ကော်မရှင်က ထပ်မံဖိတ်ခေါ်ထားတယ်။
စစ်ကော်မရှင်ဟာ တဖက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အသည်းအသန် ပြင်ဆင်နေသလို တဖက်မှာလဲ “ ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုပြီး ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေအပါအဝင် ဖုန်းအော်ပရေတာတွေကနေ ဆက်တိုက်ထုတ်ပြန်နေတယ်လို့ သိရပါတယ်။
