စက်တင်ဘာလ (၉)ရက်။
အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ထိခိုက်ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။
အခုအခါ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍက ခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းအားလုံး လုံခြုံစွာ ပညာသင်ကြားနိုင်ဖို့ ယူကေအစိုးရက ဆက်လက်ကတိကဝတ်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယူကေအစိုးရအနေနဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ လက်တွဲပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ထဲ မြန်မာနိုင်ငံတဝန်းက ပညာရေးအစီအစဉ်တွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီပံ့ပိုးတာတွေဟာ ကျောင်းသား၊ကျောင်းသူ (၄၄၀၀၀၀)ကျော်နဲ့ ဆရာ၊ဆရာမ (၃၄၀၀၀)ကျော်ထံ ရောက်ရှိခဲ့ပြီး ပဋိပက္ခတွေအကြား ဆက်လက်ပညာသင်ယူနိုင်ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေကို တိုးမြှင့်ပြုလုပ်လာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနေတဲ့ နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာက ဖိအားပေးအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
