စက်တင်ဘာလ (၁၉)ရက်။
စစ်တပ်ရဲ့ အရေးကြီးတပ်စခန်းတွေမှာ ဒရုန်းကာကွယ်ရေးစနစ်တွေ တိုးမြှင့်တပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒရုန်းကာကွယ်ရေးပိုင်းအတွက် တရုတ်နိုင်ငံ Skyfend ကုမ္ပဏီထုတ် Counter-Drone System တွေကို ဝယ်ယူတပ်ဆင် အသုံးပြုနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီဒရုန်းကာကွယ်ရေးစနစ်ဟာ GNSS Spoofer Anti-Drone Detector/Jammer အမျိုးအစာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ Skyfend ဒရုန်းကာကွယ်ရေးစနစ်တွေ ကိုင်တွယ်အသုံးပြုပုံကို ရှေ့တန်းခံစစ်တပ်စခန်းတွေအထိ ဒရုန်းကျွမ်းကျင်အဖွဲ့က သွားရောက်ပြသပေးရတယ်လို့ MDSI က ပြောဆိုထားပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်ဟာ ဒရုန်းလေ့ကျင့်အသုံးပြုတဲ့သင်တန်းတွေကို တတက-၂(မိုးဆွေ)၊ စခတ-၃(ရမည်းသင်း)နဲ့ လသက(တောင်ညို)တို့မှာ စုဖွဲ့သင်ကြားပေးနေတာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ရှေ့တန်းတပ်စခန်းတွေအထိပါ တိုးမြှင့်အသုံးချလာနိုင်ပြီး တန်ပြန်စစ်ဆင်ရေးတွေမှာလဲ ဒရုန်းကို ပိုမိုအလေးထား အသုံးပြုလာတယ်လို့ သိရပါတယ်။
