စက်တင်ဘာလ (၂၄)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ကျောက်မဲမြို့ ပင်တီးရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပင်တီးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ ဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။
အခုလထဲ စစ်တပ်ဟာ လေကြောင်းကနေ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို (၆)ကြိမ်၊ သီပေါမြို့ကို တစ်ကြိမ်နဲ့ မိုးကုတ်မြို့ကို (၂)ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံး (၂၁)လုံး ကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၉)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ ကား (၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ TNLA က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
