အောက်တိုဘာလ (၃၁)ရက်။
ဆောမြို့ပေါ်မှာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ မင်းမင်းစိုးဆိုသူကို NUG ရဲချုပ် ဦးဆောင်ကာ စစ်ဆေးနေတယ်လို့ ဆောမြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၂၁)ရက်နေ့က ဆောမြို့ သီရိ(ရတနာ)ရပ်ကွက်နေ (၁၃)နှစ်အရွယ် မိန်းကလေးကို မိသားစုနဲ့ရင်းနှီးသူ (၂၁)နှစ်အရွယ်ရှိ မင်းမင်းစိုးက လာရောက်ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုလာရောက်ခေါ်ဆောင်ပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ရာ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းမှာတော့ ဆောမြို့ပြည်သူ့ဆေးရုံရှိ အခန်းတခုမှာ ပုပ်ပွသေဆုံးနေတဲ့ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။
အဲ့ဒီနောက် ပြစ်မှုကျူးလွန်သူ မင်းမင်းစိုးကို သက်ဆိုင်ရာ NUG တပ်ရင်းတပ်ဖွဲ့တွေက လိုက်လံရှာဖွေခဲ့ရာ အဲ့ဒီနေ့ ညနေပိုင်းမှာ တွေ့ရှိဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အမှုနဲ့ပတ်သက်ပြီး ကနဦးစစ်ဆေးခဲ့တာမှာ ပြစ်မှုကျူးလွန်သူ မင်းမင်းစိုးက မိန်းကလေးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တယ်ဆိုပြီး ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အောက်တိုဘာလ (၂၆)ရက်နေ့မှာတော့ ဆောမြို့ပေါ်ရှိ ပြည်သူအချို့က ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို သေမိန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခုအခါ ပြစ်မှုကျူးလွန်သူကို NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ရဲချုပ် ဦးဆောင်ကာ အမှုစစ်နေပြီး ထိရောက်စွာ အမြန်ဆုံး အရေးယူဖို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။








