နိုဝင်ဘာလ (၄)ရက်။
မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရယူပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံပြီးမှသာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ နိုင်ငံ့တာဝန်ကို ပြောင်းလဲထမ်းဆောင်ကြမယ့် ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဘယ်သူတဦးတယောက်ကမှ တိုက်တွန်းနှိုးဆော်ပြီး လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးမဟုတ်ဘဲ မိမိအသိစိတ်နဲ့ လက်နက်ကိုင်လမ်းစဉ်ကို တိကျပြတ်သားစွာ လုပ်ဆောင်နေတဲ့အဖွဲ့လို့ ရေးသားထားပါတယ်။
နောက်ပြီး ဘယ်သူတဦးတယောက်ရဲ့ နှောင့်ယှက်တာတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးခြေလှမ်းဟာ လုံးဝ(လုံးဝ) ရပ်တန့်သွားမှာမဟုတ်ဘဲ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်နေမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် မြို့နယ်ပကဖအနေနဲ့ နီးစပ်ရာ တော်လှန်ရေးညီနောင်တွေရဲ့ စိုးမိုးနယ်မြေတွေကိုလဲ တတ်စွမ်းသရွေ့ သွားရောက်ကာကွယ်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








