နိုဝင်ဘာလ (၁၀)ရက်။
အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ (၅)ရက်အထိ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစစ်တမ်းရဲ့ ရလဒ်တွေထဲ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူ (၉၉)ရာခိုင်နှုန်းရှိပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူးဆိုတာကို ယုံကြည်တဲ့ ပြည်သူ (၉၈)ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာအရေးပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ယုံကြည်သူ (၉၈)ရာခိုင်နှုန်းနဲ့ မဲပေးမှာမဟုတ်ဘူးလို့ ဖြေဆိုသူ (၉၆)ရာခိုင်နှုန်းရှိတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်တမ်းကို ပါဝင်ဖြေဆိုခဲ့သူတွေဟာ မြန်မာနိုင်ငံထဲက ပြည်သူ (၈၅)ရာခိုင်နှုန်းနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား (၁၅)ရာခိုင်နှုန်းတို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒေသအလိုက် ပါဝင်ဖြေဆိုသူတွေဟာ မြို့နယ် (၂၇၁)ခုကဖြစ်ပြီး စစ်ကိုင်းတိုင်းက (၂၉)ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းက (၁၆)ရာခိုင်နှုန်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုနှစ်ကုန်ပိုင်းမှာ စစ်တပ်က ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့စီစဉ်နေပြီး တဖက်မှာလဲ တော်လှန်ရေးအင်အားစုတွေက အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








