နိုဝင်ဘာလ (၁၂)ရက်။
နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ဒီကနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရတာ” လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး မောတောင်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာတာကြောင့် KNLA နဲ့ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပါတယ်။
အဲ့ဒီနောက် မောတောင်မြို့ပေါ်အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့လုံးကျွတ်နီးပါးဟာ ထိုင်းဘက်အခြမ်းကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
ဒီကနေ့ နံနက်ပိုင်းအချိန်မှာလဲ မြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အပြန်အလှန်ပစ်ခတ်နေကြပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ အာဏာ ဆက်လက်တည်မြဲနိုင်ဖို့အတွက် သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။
နောက်ပြီး သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဖြစ်တဲ့ KNU-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်တဲ့ဒေသတွေထဲက ပြည်သူတွေကို အကြောက်တရားဖြစ်စေဖို့ ရည်ရွယ်ပြီး လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏရှိနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








