နိုဝင်ဘာလ (၁၂)ရက်။
မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နမခခွေးခြံကနေ paramotor စက်တပ်လေထီး (၂)စီး ပျံတက်တာ။ တစီးက ဘုတလင်နဲ့ ကနီနယ်ထဲ ပျံဝဲပြီး နမခခွေးခြံထဲ ပြန်ဆင်းတာ။ နောက်တစီးက မြင်းမူနယ်ဘက် ပျံဝဲပြီး နမခခွေးခြံကို ပြန်ဆင်းတာ။ အဲ့ဒီ မြင်းမူဘက်ကို သွားတဲ့ စက်တပ်လေထီး ပြန်ဆင်းတဲ့အချိန်မှာ ပျက်ကျတာ” လို့ သူက ဆိုပါတယ်။
စစ်တပ်ရဲ့ နမခစစ်ဌာနချုပ်ကနေ ပျံတက်ခဲ့တဲ့ စက်တပ်လေထီး (၂)စီးထဲက မြင်းမူဘက်ကို ပျံဝဲခဲ့တဲ့ စက်တပ်လေထီးဟာ နမခစစ်ဌာနချုပ်ကို ပြန်ဆင်းချိန် ပျက်ကျခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တာကို တပ်ထဲသတင်းအရင်းအမြစ်တွေထံက သိရတာလို့ People’s Defense Comrade က ထုတ်ပြန်ထားပါတယ်။
နောက်ပြီး နမခစစ်ဌာနချုပ်ထဲ နောက်ထပ်ပျက်ကျဦးမယ့် ဂိုင်ရိုကော်ပတာအစုတ်တွေနဲ့ ပါရာမော်တာအစုတ်တွေလဲ ရှိသေးပြီး ပြုပြင်နေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုလို နမခစစ်ဌာနချုပ်ထဲ စက်တပ်လေထီး ပျက်ကျခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် နိုဝင်ဘာလ (၆)ရက်နေ့ကလဲ ဖြူးမြို့နယ်ထဲမှာ ပြည်သူရဲ့ နေအိမ်တွေကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ gyrocopter တစီး ပျက်ကျခဲ့ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။








