နိုဝင်ဘာလ (၁၃)ရက်။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ပေါင်း (၂၅၀)အထိ ကျူးလွန်ခဲ့ပြီး ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့ပြီး (၅၂၂)ဦး ဒဏ်ရာရခဲ့ကာ သေဆုံးသူတွေထဲ (၁၈)နှစ်အောက်ကလေးငယ် (၃၈)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၅၅၉)မှုရှိခဲ့ပြီး နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ (၁၁)ကြိမ် ရှိခဲ့ကာ လူပေါင်း (၁၁၆)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကို ကြိုးပမ်းနေသလို မြေပြင်မှာ လူထုအပေါ် အကြမ်းဖက်တာတွေလဲ ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ တရားမဝင်ရွေးကောက်ပွဲဥပဒေကို အသက်သွင်းပြီး လူထုကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်ကာ အကြောက်တရားရိုက်သွင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ပုံဖော်နေတာလို့လဲ ပြောဆိုထားပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေအားလုံးကို အရေးယူခံရနိုင်ဖို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမယ်လို့ အသိပေးထားချကိအရ သိရပါတယ်။








