နိုဝင်ဘာလ (၁၄)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ (၄)ရက်လောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ကြပါလိမ့်မယ်” လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ် မောတောင်မြို့ကို အောက်တိုဘာလ (၁၁)ရက်ကစပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက (၄)ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲထဲ စစ်ကော်မရှင်တပ်နဲ့ ပျူးစောထီးတွေ လက်နက်ချ အညံ့ခံတာတွေရှိပြီး (၂၀)ထက်မနည်း ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဆီက လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပေမယ့် မောတောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU တပ်မဟာ (၄)က အတည်ပြုထားပါတယ်။
ဒါ့အပြင် မောတောင်-တနင်္သာရီ လမ်းတလျှောက်ကိုလဲ KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး မောတောင်မြို့ကိုပါ ရရှိတာကြောင့် တနင်္သာရီတိုင်းရဲ့ အရှေ့ဘက်အကျဆုံး နယ်စပ်ဧရိယာတခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








