နိုဝင်ဘာလ (၁၄)ရက်။
နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်က နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီစခန်းမှာ စစ်တပ်က (၂)နှစ်လောက် တပ်စွဲထားတာ။ စခန်းကို ဝင်စီးတဲ့အချိန်က စစ်ကြောင်း (၃)ကြောင်းနဲ့ နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးတဲ့အချိန် စီးနင်းခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစခန်းကနေ စစ်တပ်က ရမည်းသင်း၊ နေပြည်တော် အမြန်လမ်းနဲ့ အခြေပြုစခန်း (၂)ခုကနေ စစ်ကြောင်း (၃)ကြောင်းနဲ့ နယ်မြေစိုးမိုးဖို့အတွက် စစ်ကြောင်းထိုးနေချိန် PLA က ဝင်ရောက်စီးနင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်း ဝင်ရောက်စီးနင်းခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကာ PLA အနေနဲ့ ကင်းကြည့်မျှော်စင်နဲ့ ဘန်ကာတွေကို စီးနင်းနိုင်ခဲ့သလို စခန်းထဲအထိ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး မနေ့ကလဲ အဲ့ဒီကင်းစခန်းကို ထပ်မံရှင်းလင်းခဲ့ရာ စခန်းကနေ ကျည်အချို့၊ ငွေသားအချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာကို PLA က သတင်းဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
အခုအခါ စစ်တပ်စစ်ကြောင်း (၂)ကြောင်းဟာ ရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့ အနီးကပ်ရွာ (၂)ရွာမှာ စစ်ကြောင်းထိုင်နေတယ်လို့လဲ သိရပါတယ်။












