နိုဝင်ဘာလ (၁၄)ရက်။
ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ BPLA က သတင်းဓါတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။
နောက်ပြီး ၁၂၀မမ လက်နက်ကြီး (၂)လက်၊ ကျည် (၁၈၇)တောင့်၊ .5 စက်သေနတ် (၁)လက်၊ ၆၀မမ (၃)လက်၊ RPG (၂)လက်၊ ငါးကြင်းမြီး (၁)လက်၊ လက်နက်ငယ် (၃၆)လက်နဲ့ အခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မောတောင်စစ်စခန်းနဲ့ မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၂၂၄)က စစ်ရှုံးပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ကလဲ ထုတ်ပြန်ထားပါတယ်။
KNU တပ်မဟာ(၄)အနေနဲ့ တိုက်ပွဲထဲ ကြိုးစားအားထုတ်ပေးဆပ်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေကို အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုကာ စစ်ဆင်ရေးထဲ အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေနဲ့ ပံ့ပိုးကူညီခဲ့တဲ့ ပြည်သူတွေကို ဂုဏ်ပြုထားပါတယ်။
အကြမ်းဖက်စစ်တပ်က (၃၅)နှစ်ကြာ သိမ်းပိုက်ထားတဲ့ တနင်္သာရီမြို့နယ်ရုံးစိုက်ရာ မောင်တောမြို့ကို အခုအခါမှာ ပြန်လည်တိုက်ယူနိုင်ခဲ့တာလို့ သိရပါတယ်။











