နိုဝင်ဘာလ (၁၅)ရက်။
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။
“ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့ ဥက္ကဋ္ဌရဲ့ မျှော်လင့်ချက်က ပျက်ပြယ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ ကမ္ဘောဇဘဏ်ကို ပေးချေရမယ့် ကြွေးကျန်ရှိနေတာကြောင့် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှာ မပါဝင်ခဲ့တာပါ။
ဒါ့ကြောင့် ဒေါ်သက်သက်ခိုင်ဟာ အကြွေးကိစ္စရှင်းလင်းဖို့ ငွေကျပ်သိန်း(၅၀၀၀၀)ကို ကနဦးပေးချေပြီး အသနားခံစာ အယူခံတင်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာလို့ သိရပါတယ်။
ဒေါ်သက်သက်ခိုင် ငြိစွန်းတဲ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)ဟာ ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းထဲ စစ်တပ်က ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ခဲ့တာမှာ ထပ်တိုးထည့်သွင်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။
အခုအခါ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း (၅၀၀၀)ကျော်ရှိတဲ့အထဲ ပယ်ဖျက်ခံရသူ (၈၆)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








