နိုဝင်ဘာလ (၁၅)ရက်။
မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက နတ်မောက် မြို့သစ်မြို့နယ် မကျီးကုန်းလေးရွာနေ ဦးမင်းသူပါ။ သူက မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးအနေနဲ့ တာဝန်ထမ်းဆောင်နေတာ” လို့ ဆိုပါတယ်။
မြို့သစ်မြို့နယ် မကျီးကုန်းလေးရွာနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြီးတန်းစာရေး ဦးမင်းသူကို နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက လုံခြုံရေးစစ်ဆေးချိန် ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
ဦးမင်းသူအနေနဲ့ ဖမ်းဆီးခံထားရတဲ့အချိန်မှာ မိသားစုနဲ့ အဆက်အသွယ်ရသလို နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)က ကောင်းမွန်စွာ ထိန်းသိမ်းထားတာကို ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။
နောက်ပြီး ဖမ်းမိခဲ့တဲ့ ဦးမင်းသူဆီကနေ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ စာရင်းအချို့နဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် အချိန်တွေကို သိရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် PDF တပ်ရင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် ပူးပေါင်းပါဝင်သူ ဘယ်သူကိုမဆို အရေးယူသွားမယ်လို့လဲ သတိပေးထားတယ်လို့ သိရပါတယ်။








