နိုဝင်ဘာလ (၁၉)ရက်။
ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်မြို့ရှိ ကနေဒီတောင်ကို ချင်းညီနောင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ PDF-Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အလုံးအရင်းနဲ့ ချီတက်လာတဲ့ စကမရွေ့လျားစစ်ကြောင်းတွေကို ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့ပြီး မနေ့က ချင်းညီနောင်က နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အောက်တိုဘာလကုန်ပိုင်းမှာ ချင်းညီနောင်က ကနေဒီတောင်ကနေ ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ချင်းညီနောင်ဘက်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ကနေဒီတောင်ကြောရှိ နယ်မြေတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ချင်းညီနောင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ကနေဒီတောင်စခန်းဟာ စစ်ရေးအရ အရေးပါတဲ့ စခန်းတခုဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်မြို့ကြားမှာ တည်ရှိတာပါ။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြပြီး ချင်းပြည်နယ်မြောက်ပိုင်းကို ပြီးခဲ့တဲ့လကုန်ပိုင်းကစတင်ကာ လေကြောင်းပစ်ကူတွေအပြင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။








