နိုဝင်ဘာလ (၂၀)ရက်။
မနေ့က ညနေ (၄)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ရှိ လက်ပံပြန့်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ညနေ (၄)နာရီ (၃၀)မိနစ်မှာ သပိတ်ကျင်းမြို့ လက်ပံပြန့်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ ကျေးရွာထဲက ပြည်သူတွေ ထိမှန်သေဆုံးတာရှိခဲ့တယ်” လို့ ဆိုပါတယ်။
လက်ပံပြန့်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်တာကြောင့် ကျေးရွာထဲရှိ ပြည်သူ (၂)ဦး သေဆုံးပြီး (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
MDY-PDF ရဲ့ စိုးမိုးနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တို့ဟာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်မယ့် စာရင်းထဲ ပါဝင်နေသလို တနေ့ထက်တနေ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ဘေးအန္တရာယ်ကင်းနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ MDY-PDF က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။










