နိုဝင်ဘာလ (၂၀)ရက်။
စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ပသုံးလုံးတွေရဲ့ ပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာရှိနေတဲ့ ပသုံးလုံးပြဿနာတို့ တော်လှန်ရေးပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဦးတည်နေတာဖြစ်ပါတယ်” လို့ သူက ဒေသထဲသတင်းတွေကို ပြေဆိုထားပါတယ်။
နောက်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ စစ်ရေးနဲ့ နိုင်ငံရေးကို ချိတ်ဆက်အကောင်အထည်ဖော်ဖို့နဲ့ လေလွင့်နေတဲ့ အခွန်အခတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။
အဲ့ဒီပြဿနာတွေကို ဖြေရှင်းတဲ့အခါ မြေပြင်မှာ ရှိနေတာကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းနိုင်တာကြောင့် NUG အတွက် ပိုမိုသွက်လက်မြန်ဆန်စေပြီး တော်လှန်ရေး ပိုမိုအမြန်အရှေ့ရောက်နိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၇)ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးမြင့်ထွေးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့တာပါ။
ဦးမြင့်ထွေးဟာ ၂၀၁၅ခုနှစ်နဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ရေဦးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်ကနေ NLD ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်တက်မြှောက်ခံခဲ့ရသူပါ။
ဒါ့အပြင် တိုင်းလွှတ်တော်ရဲ့ အထူးကိစ္စရပ်တွေ စုံစမ်းရေးနဲ့ သုတေသနကော်မတီဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဝင်နဲ့ လွှတ်တော်စာကြည့်တိုက်ကော်မတီဝင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။








