နိုဝင်ဘာလ (၂၄)ရက်။
မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပဲ့တိုင်ရွာနဲ့ ယမုံရွာတွေဘက်ကို နယ်မြေကွင်းဆင်းတဲ့အချိန် ဘုရားထွက်ရွာဘက်ကနေ ပဲ့တိုင်ရွာပျူစောထီးစခန်းကို လက်နက်ခဲယမ်းတွေ သယ်လာတဲ့အချိန် ယမုံရွာအနီး ကားလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီပျူစောထီးကား (၂)စီးဟာ ဘုရားထွက်ကျေးရွာဘက်ကနေ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းကို လက်နက်ခဲယမ်းတွေ သယ်ဆောင်လာချိန် ယမုံရွာအနီး ကားလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ ပျူစောထီးနဲ့ ရဲတွေ ကားပေါ်ကဆင်းပြေးချိန် ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့ရာ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာတွေနဲ့ ခဲမှိုင်းချောင်းထဲ ကျဆင်းတာတွေရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ပျူစောထီးတွေ ထားရစ်ခဲ့တဲ့ကားကို ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းထိန်းသိမ်းခဲ့ပြီး အနောက်ကလိုက်ပါလာတဲ့ ကားကိုလဲ ပြန်လည်ပစ်ခတ်ခဲ့ရာ ကားမောင်းသမားနဲ့ ပျူစောထီးအဖွဲ့ဝင်ဟောင်းတို့ကို ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပျူစောထီးတွေ ထားရစ်ခဲ့တဲ့ကားပေါ်ကနေ (၆၀)မမ မော်တာပြောင်းတစ်ခု၊ (၆၀)မမ ကျည်သီး (၅)လုံး၊ ၉မမ ကျည် (၃၈)တောက်၊ နာနတ်သီးလက်ပစ်ဗုံး (၂ )လုံး၊ အူဇီကျည်ဘောက် (၂)ဘောက်၊ ဓါးမြှောင် (၁)ချောင်း၊ ဖုန်း (၁)လုံးနဲ့ ပျူစောထီးယူနီဖောင်း (၁)စုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက အောင်မြင်စွာ တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့ပြီး ပျူစောထီးနဲ့ ရဲတွေဘက်က (၅)ဦးသေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။








