နိုဝင်ဘာလ (၂၇)ရက်။
ဒီကနေ့ အင်းစိန်ထောင်ကနေ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
“ အသက်(၉၀)အထိ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ အတူတူအလုပ်လုပ်ဖို့ အားတင်းထားတယ်။ ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့တယ်” လို့ သူက အင်းစိန်ထောင်ရှေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဦးကြည်တိုးက ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့ပြီး အသက် (၉၀)အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူ အလုပ်လုပ်ဖို့ အားတင်းထားတယ်လို့ သိရပါတယ်။
မနေ့ကညပိုင်းက စစ်တပ်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး မတရားဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အထဲ ဦးကြည်တိုးလဲ ပါဝင်လာတာပါ။
ဦးကြည်တိုးဟာ စစ်တပ်ရဲ့ ဖမ်းဆီးမခံရခင်အထိ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပြင် ဖမ်းဆီးခံရတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အခြေအနေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆက်တိုက်အသိပေးခဲ့တာပါ။
အဲ့ဒီနောက် ၂၀၂၁ခုနှစ် မတ်လပိုင်းထဲမှာ စစ်တပ်က အသက် (၆၀)နှစ်အရွယ်ရှိ ဦးကြည်တိုးကို ရန်ကုန်မြို့ လှည်းတန်းရှိနေအိမ်မှာ ဖမ်းဆီးခဲ့ပြီး ဘယ်လိုပုဒ်မတွေနဲ့ ထောင်ချခဲ့သလဲဆိုတာကိုတော့ မသိရပါဘူး။
စစ်တပ်ဟာ ၅၀၅(က)နဲ့ အမှုဖွင့်ခံရတဲ့သူတွေကို လွတ်ငြိမ်းမိန့်ထုတ်ပြန်ခဲ့ရာမှာ (၇၂၄)ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးပြီး (၂၃၆၁)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ (၅၅၈၀)ဦးကို အမှုပိတ်သိမ်းခဲ့တာလို့ သိရပါတယ်။








