ဒီဇင်ဘာလ (၁)ရက်။
တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ စစ်မှုထမ်းတပ်သားတွေကို ကောင်းစွာ ထိန်းချုပ်အသုံးချနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ပြည်သူ့စစ်မှုထမ်းအရေး ကိုင်တွယ်ဖြေရှင်းရာမှာ အချိုသတ်စည်းရုံး ဝါဒဖြန့်တာနဲ့ ဟန်ပြဖြေရှင်းတဲ့နည်းလမ်းတွေကို စနစ်တကျ လုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်သူ့စစ်မှုထမ်း ဖော်ဆောင်ရာမှာ ရည်မှန်းချက် ပြည့်မီရရှိစေဖို့သာ ဦးတည်ပြီး အောက်ခြေအဆင့်ဆင့် ကျူးလွန်တာတွေကို လျစ်လျူရှုပေးထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဖော်ဆောင်တာကို စနစ်တကျ တုံ့ပြန်နိုင်ဖို့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်တာတွေနဲ့ မဟာဗျူဟာဝါဒတွေ ဖော်ဆောင်ဖို့ MDSI က အကြံပြုထားပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အလင်းဝင်လာတာ ပိုမိုလွယ်ကူအားကောင်းလာစေဖို့ နည်းဗျူဟာလုပ်ငန်းစဉ်တွေ သုံးသပ်ဖော်ဆောင်ပေးဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက် အခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၆)ခုကို သင်တန်းဆင်းနိုင်ခဲ့ပြီး အပတ်စဉ် (၁၉)အထိ စုဆောင်းခေါ်ယူ သင်တန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။








