ဒီဇင်ဘာလ (၄)ရက်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားတာနဲ့ပတ်သက်ပြီး NUCC က မနေ့က အသိပေးရှင်းလင်းချက်တစောင် ထုတ်ပြန်ထားတယ်လို သိရပါတယ်။
NUCC အနေနဲ့ Office of Special Envoy on Myanmar Issue(အင်ဒိုနီးရှား)ရဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားတာကို နိုဝင်ဘာလ (၄)ရက်နေ့ရက်စွဲနဲ့ လက်ခံရရှိခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီဖိတ်ကြားတာကို ရရှိပြီးနောက် အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်အပြင် အခြားပါဝင်မယ့် အဖွဲတွေနဲ့ လူပုဂ္ဂိုလ်တွေကို သေချာရှင်းလင်းစွာ သိရှိနိုင်ဖို မေးမြန်းခဲ့တယ်လို ဖော်ပြထားပါတယ်။
မေးမြန်းတာကို ပြန်လည်ဖြေကြားရာမှာ အဲ့ဒီဖိတ်ကြားမှုထဲ အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေ လုံးဝ မပါဘူးဆိုတာ သေချာမှသာ NUCC ထဲ ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်စားလှယ်စေလွှတ်ခဲ့တာလို ရေးသားထားပါတယ်။
နောက်ပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၅)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး “ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ်တွေလဲ ပါဝင်တက်ရောက်ခဲ့တယ်လို ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲမှာ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲက မျှဝေတဲ့ “ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ” ကို လေ့လာခဲ့ပြီး အမြင်တွေ ဖလှယ်ဆွေးနွေးခဲ့တာကိုသာ ဆောင်ရွက်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
NUCC အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက်ကိုင်စွဲ ရက်တည်သွားမယ်လို အသိပေးထားချက်အရ သိရပါတယ်။








