ဒီဇင်ဘာလ (၅)ရက်။
ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။
“ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲသွားတာ။ အဲ့ဒီဗုံးသီးက နေအိမ်ပေါ်ကျပြီး လင်မယားနှစ်ယောက်နဲ့ ဘေးအိမ်က ကလေးတယောက် သေဆုံးခဲ့ရတယ်” လို့ ဆိုပါတယ်။
စစ်တပ်ဟာ သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံးအသုံးပြုပြီး (၂)ကြိမ် ကြဲချခဲ့ရာ ရွာထဲရှိ နေအိမ်တလုံးပေါ်ကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် အသက် (၃၅)နှစ်အရွယ်ရှိ အရပ်သားလင်မယား (၂)ဦးနဲ့ ဘေးအိမ်ရှိ (၇)နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ (၂)ဦးရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က သစ်ချိုပင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် (၅)လုံးခန့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ဝက်လက်မြို့ရှိ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အသက် (၂)နှစ်အရွယ်အပါအဝင် မိသားစုဝင် (၅)ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။








