ဒီဇင်ဘာလ (၁၀)ရက်။
ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။
အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို ကြိုတင်မဲကောက်ယူနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုဘဝ ငြိမ်းချမ်းစည်ပင်ဖွံ့ဖြိုးဖို့အတွက် ထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာရှင်တွေ ဆက်လက်အာဏာချုပ်ကိုင်ဖို့ ဆောင်ရွက်တဲ့ ထောင်ချောက်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေ၊ ပါဝင်သူတွေ၊ ကူညီတာနဲ့ ငွေကြေးထောက်ပံ့သူတွေကို တရားစွဲ အရေးယူဖို့ NUG နဲ့ CRPH က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဒီမိုကရေစီအခြေခံအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို ပြဌာန်းထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီဥပဒေပြဌာန်းချက်အရ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်သူတွေ၊ တာဝန်ထမ်းဆောင်သူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ရေစကြိုမြို့နယ်ပြည်သူတရပ်လုံးက ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








