ဒီဇင်ဘာလ (၂၂)ရက်။
ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့ နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်သူကို ရွေးချယ်ဖို့လိုတယ်လို့ ဆိုပါတယ်။
နောက်ပြီး ရွေးကောက်ပွဲပြီးဆုံးချိန် ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို နိုင်ငံတာဝန်တွေ လွှဲပြောင်းသွားမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ဖို့ သူက ပြောဆိုထားပါသေးတယ်။
ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမယ်လို့ ပြောဆိုနေပေမယ့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီသာ အနိုင်ရဖို့ရှိနေပြီး မျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ပြောဆိုတာတွေရှိပါတယ်။
အခုမြေပြင်မှာလဲ ရွေးကောက်ပွဲ မကျင်းပသေးခင်ထဲက ကြံ့ခိုင်ရေးပါတီဟာ မဲဆန္ဒနယ် (၃၀)နီးပါးလောက်ကို ပြိုင်စရာမလိုဘဲ အနိုင်ရရှိထားတာတွေ ရှိနေပါတယ်။
ဒ့ါအပြင် စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ တရားမဝင်ဘဲ သူတို့အကျိုးစီးပွားအတွက် ရည်ရွယ်တာကြောင့် ဟန်ပြရွေးကောက်ပွဲသာဖြစ်တဲ့အတွက် ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတယ်လို့ သိရပါတယ်။








