တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို
ဒီဇင်ဘာလ (၂၂)ရက်။
ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အင်အား(၂၀၀)ပါ စစ်တပ်စစ်ကြောင်းဟာ ရွှေတောင်ဦးကနေ ဗိုလ်မှူး ဇေယျာဝင်း ဦးဆောင်ပြီး စုန်းချောင်းရွာနဲ့ အင်းဖျားရွာတို့ကနေတဆင့် ပန်းတိန်ပြင်ရွာနဲ့ ကျောက်မှော်ရွာထဲ (၂)ဖွဲ့ခွဲကာ စစ်ကြောင်းထိုးဝင်ပြီး တပ်စွဲနေထိုင်တာလို့ ဆိုပါတယ်။
အဲ့ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲဟာ (၂)နာရီခန့်ကြာမြင့်ပြီး နမခတိုင်းစစ်ဌာနချုပ်ကနေ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အဆမတန် ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က (၉)ဦးသေဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့သလို Gyrocopter နဲ့ ဗုံးသီးတွေပစ်ချတဲ့အချိန်မှာလဲ စစ်ဘက်က သူ့ဘက်သူ မှားယွင်းချမိတာကြောင့် အများအပြားသေဆုံးခဲ့ကာ အလောင်းတွေကို မော်တော်နဲ့ နမခတိုင်းစစ်ဌာနချုပ်ထဲ ပြန်သယ်ပြီး အင်အားပြန်ဖြည့်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် အထိနာခဲ့တဲ့ စစ်တပ်ဟာ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ နှောပင်ရွာ၊ အင်းဘတ်ရွာနဲ့ ကြက်လျှာရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး အိမ်ခြေ (၂၃၈)လုံးကို မီးရှို့ဖျက်ဆီးကာ ဒီဇင်ဘာလ (၁၉)ရက်မှာ နမခထဲ ပြန်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်း ပြန်မဆုတ်ခွာခင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ဒုတပ်ကြပ်အပါအဝင် အလောင်း (၂)လောင်းကို မြေမြုပ်ပစ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက မြေနဲ့မထိုက်တန်တဲ့အတွက် ပြန်တူးယူပြီး ငါးစာကျွေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် (၂)ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးထဲ ULF စစ်ကြောင်းအပါအဝင် YMB Column(ယင်းမာပင်မြို့နယ်စစ်ကြောင်း)၊ ကနီ9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် (၉)တပ်ရင်း၊ BNRA တပ်ရင်း(၃)၊ ကနီမြို့နယ်ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစုနဲ့ ရတနာပုံကျောင်းသားတပ်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။











