ဒီဇင်ဘာလ (၂၃)ရက်။
မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စဉ့်ကူးမြို့ ဘက်အခြမ်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။
စစ်တပ်က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ မြို့/ရွာတွေကို ပြန်လည်ရရှိဖို့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေကာ စဉ့်ကူးမြို့ကို ထိန်းချုပ်ခဲ့ပြီး (၃)ရက်အကြာမှာ တံတားကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုအခါမှာတော့ တံတားပြုပြင်တဲ့လုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်နေပြီး တံတားနေရာတဝိုက်ကို စစ်တပ်စစ်ကြောင်းတွေက နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတံတားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းခွဲတာတွေကြောင့် တံတားရဲ့ ရေလည်တိုင်အချို့ ကျိုးကျပျက်စီးခဲ့တယ်ဆိုပြီး စစ်တပ်က စွပ်စွဲထားပါသေးတယ်။
စစ်တပ်ဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးဆိုပြီး ဆောင်ရွက်နေကာ မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းပစ်ခတ်တာတွေကို အရှိန်မြှင့် ပြုလုပ်လာတယ်လို့ သိရပါတယ်။








