ဒီဇင်ဘာလ (၂၅)ရက်။
စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး အဆတ်မပြတ် ထိုးနှက်တိုက်ခိုက်တာတွေကြောင့် ရန်သူဘက်က ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ဒီဇင်ဘာလ (၇)ရက်ကနေ (၂၄)ရက်နေ့ထဲ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF နဲ့ အကြမ်းဖက်စစ်ကော်မရှင်တို့အကြား တိုက်ပွဲကြီး (၉)ကြိမ်နဲ့ တိုက်ပွဲငယ် (၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ အကြမ်းဖက်စစ်ကော်မရှင်ဘက်က စုစုပေါင်း (၁၈)ဦး သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်သုံးပန်း (၃)ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး PDF၊ ပကဖတွေအနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်မံကတိပြုထားပါတယ်။
PDF စစ်ရုံးချုပ်အနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလဲ ဖွဲ့စည်းပြီး စစ်တပ်ခြေကုပ်ယူလာတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ထိုးစစ်စတင်ခဲ့တဲ့အချိန် တပတ်တာကာလမှာလဲ မိုးကုတ်မြို့နယ်ထဲက အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








