ဒီဇင်ဘာလ (၂၇)ရက်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ဗျူဟာမှူး ကျသွားတယ်ဆိုပြီး ပြောနေကြတယ်။ အတည်တော့မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလ (၂၅)ရက် ခရစ္စမတ်နေ့မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် ခလရ(၄၇)ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က ခလရ(၄၇)ရဲ့ ဗျုဟာမှူးနဲ့ စနခ(၆၄၁)တပ်ရင်းမှူးတို့ သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ခလရ(၄၇)ကို သိမ်းပိုက်နိုင်ခဲ့တာမှာ စစ်တပ်ဆီကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး KIA ဘက်ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
အခုအခါ ခလရ(၄၇)၊ စနခ(၆၄၁)ဗန်းမော်တက္ကသိုလ်၊ စကခ(၂၁)နဲ့ အမတ(၃၆၆) စတဲ့နေရာတွေမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ စစ်တပ်ရဲ့ မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီး လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ လက်နကြီးပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။








