ဒီဇင်ဘာလ (၂၉)ရက်။
မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ မနေ့က ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် ညနေပိုင်းလောက်ကစပြီး မြို့အဝင်နားမှာ တိုက်ပွဲဖြစ်တာ။ ဒီကနေ့ နေ့လယ်ပိုင်းအထိပဲ၊ တိုက်ပွဲက မြို့အဝင် တပ်ကုန်းနဲ့ ခမရ(၃၀၉)နားမှာ၊ စစ်တပ်က အခု မြို့အဝင်အထွက် ပိတ်ထားတယ်” လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ ကသာမြို့အဝင်နဲ့ တမိုင်ခန့်သာဝေးတဲ့ တပ်ကုန်းရပ်ကွက်နဲ့ ခမရ(၃၀၉)အနီးမှာ ဖြစ်ပွားနေကာ စစ်တပ်ဘက်က မြို့အဝင်အထွက်တွေ ပိတ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ မြို့ထဲရှိ စစ်တပ်ရဲ့ အထိုင်တပ်တွေနဲ့ ခမရ(၃၀၉)တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် မြို့ထဲ ကျရောက်ပေါက်ကွဲကာ နေအိမ်အချို့ မီးလောင်တာတွေ ရှိပါတယ်။
အခုအခါ တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြို့အစွန်နေ ဒေသခံတွေဟာ မြို့ထဲဘက်ကို တိမ်းရှောင်လာတာတွေရှိပြီး အနီးရှိရွာတွေလဲ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကသာမြို့တိုက်ပွဲထဲ တော်လှန်ရေးတပ်တွေအနေနဲ့ နေရာအချို့ကို သိမ်းပိုက်နိုင်တာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရားဝင် ထုတ်ပြန်လာတာမရှိသေးပါဘူး။
ကသာမြို့ဟာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပတဲ့ မြို့နယ်စာရင်းထဲပါဝင်ကာ မဲရုံ (၂၀)နီးပါး ဖွင့်လှစ်ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








