ဒီဇင်ဘာလ (၃၀)ရက်။
ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ (၄)ဦးသေဆုံးပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ မကွေးခရိုင်စစ်ဌာနအောက်ရှိ မကွေးခရိုင်(၁/၂) တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ Chauk Revolution Army(CRA) ပူးပေါင်းစစ်ကြောင်းတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီဇင်ဘာလ (၂၅)ရက် နေ့လယ် (၂)နာရီခွဲအချိန်က မြိုအဝင် ကျောက်တဲဂိတ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ (၃)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ (၂၇)ရက်နေ့က ချောက်မြို့နယ် အတုအယောင်ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကျောက်ပန်းတောင်းမြို့ကထွက်လာတဲ့ အင်အား (၂၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၃)ဦးသေဆုံးပြီး (၁၀)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မကွေးခရိုင်စစ်ဌာနအနေနဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ ဒေသထဲ နယ်မြေစိုးမိုးမှုနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








