ဇန်နဝါရီလ (၂)ရက်။
မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်အချို့နဲ့ အနီးက ပြည်သူအချို့ ဒဏ်ရာရတာရှိတယ်၊ အသေးစိတ်ကတော့ မြေပြင်အနေအထားအရ အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် စာသင်ကျောင်းရှိ စစ်ဘေးရှောင်အချို့နဲ့ အနီးဝန်းကျင်ရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကာ အသေးစိတ်အချက်အလက်ကို မြေပုင်အနေအထားအရ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။
အခုလို စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနဲ့ လူစူလူဝေးရှိတဲ့နေရာတွေကို အဓိက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် သတိအထူးရှိကြဖို့ မြို့နယ်ပအဖက တိုက်တွန်းထားပါတယ်။
ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ PDF စခန်းချတဲ့နေရာကို တိုက်ခိုက်တာဆိူပြီး မဟုတ်မမှန် ပြောဆိုထားကြပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စာသင်ကျောင်းက စစ်ဘေးရှောင်တွေဟာ မိုးကုတ်၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့ကဖြစ်ပြီး အခုအခါ နေထိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။











