ဇန်နဝါရီလ (၃)ရက်။
ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် မဲရုံပိတ်ချိန်မှာ မဲပေးစက်ကနေ မဲပေးတာတွေကို ထုတ်ယူခဲ့ပြီး ကြိုတင်မဲတွေကို ကနဦးရေတွက်ခဲ့ပြီးနောက် မဲအားလုံးကို စုစည်းကာ ရလဒ်စာရင်းတွေကို ကပ်ထားကြေညာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကြိုတင်မဲပေးတာ၊ မဲရေတွက်တာ၊ မဲစာရင်းပြုစုတာနဲ့ ကပ်ထားကြေညာတဲ့အခါ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်တွေ၊ အသိသက်သေတွေနဲ့ ပြည်သူတွေကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ ရေးသားထားပါသေးတယ်။
အခုလို ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကို စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ ပြည်သူ့ပါတီအပါအဝင် ပါတီအချို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ စာပို့တိုင်ကြားတာရှိခဲ့တာပါ။
အဲ့ဒီလိုစာပို့တာတွေကြောင့် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းချက် ထုတ်ပြန်လာတာဖြစ်ပြီး အခုလိုတွေ ထပ်မဖြစ်စေဖို့ ပေးပို့တဲ့စာထဲ ရေးသားထားကြပါတယ်။
အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ ချောင်းဆုံမဲဆန္ဒနယ်ကလွဲပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အားလုံးနီးပါးကို စစ်တပ်ကျောထောက်နောက်ခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။








