ဇန်နဝါရီလ (၈)ရက်။
အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အခုလထဲ စကမနဲ့ PNO က PNLA လှုပ်ရှားတဲ့ တောထဲအထိ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေက နေ့တိုင်းဖြစ်ပွားနေတာ။ အဲ့ဒီမှာ စကမနဲ့ PNO က ရွာသားတွေကို ပစ္စည်းသယ်ခိုင်းတာတွေနဲ့ လူသားဒိုင်းအသုံးပြုတာရှိတယ်” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်နဲ့ PNO ပြည်သူ့စစ်ဘက်က (၂၀)ဦးထက်မနည်း သေဆုံးပြီး အလောင်း (၁)လောင်းနဲ့ လက်နက် (၁)လက်ကို PNLA က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး တိုက်ပွဲမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုခံနေရတဲ့ ရွာသား (၂)ဦးကို PNLA က ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ PNO ပြည်သူ့စစ်တွေက ကျွန်တော်တို့ကို ပစ္စည်းသယ်ခိုင်းပြီး ရှေ့ဆုံးကနေ သွားခိုင်းတယ်။ ကျွန်တော်တို့လဲ သွားရင်း တိုက်ပွဲဖြစ်တော့ နောက်ပြန်ဆုတ်လဲမရတဲ့အခြေအနေဆိုတော့ ပိုနီးတဲ့ PNLA ဘက်ကို ထွက်ပြေးလာလိုက်တာ။ ကျွန်တော်တို့ရွာက တရက်သုံးယောက် PNO တွေနဲ့ အတူသွားရတယ်။ ပစ္စည်းတွေ သယ်ရတယ်။ ထမင်းချက်ပေးရတယ်။ ရှေ့ဆုံးကနေ လမ်းကြောင်းထိုးပေးရတယ်”လို့ လူသားဒိုင်းလုပ်ခံရသူ တဦးက ထွက်ဆိုထားပါတယ်။
အခုလို PNO ပြည်သူ့စစ်ရဲ့ လူသားဒိုင်းလုပ်ခံရတဲ့အထဲ PNLA က ကယ်တင်နိုင်ခဲ့သူ (၂)ဦးဟာ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု နောင်မီရဲ့ရွာက ခွန်အောင်နဲ့ ခွန်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။









