ဇန်နဝါရီလ (၁၉)ရက်။
မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။ ထနောင်းကုန်းရွာကို ညဝင်အိပ်ပြီး ပဒပ်စာကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်တာ” လို့ ဆိုပါတယ်။
အင်အား(၂၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ ကျောက်ပန်းတောင်းမြို့ကနေ တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့ ထွက်လာခဲ့ကာ ထနောင်းကုန်းရွာမှာ ညအိပ်ဝင်နားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် စစ်တပ်စစ်ကြောင်းပြန်ထွက်လာချိန် ပဒပ်စာကုန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထနောင်းကုန်းရွာကနေ စစ်ကူလာတဲ့ စစ်တပ်လဲ စစ်မကူနိုင်ဘဲ ပြန်ပြေးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေကို ကန်သာယာကျေးရွာမှာ ဆေးကုနေပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနဲ့အတူ တောင်သာမြို့နယ်ပကဖတို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။






