ဇန်နဝါရီလ (၁၉)ရက်။
မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စလင်းမြို့ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်တပ်က အင်အား(၂၀၀)လောက်နဲ့ ထွက်လာပြီး ပန်းတိမ်ကုန်းရွာကို စစ်ကြောင်းထိုးတာ၊ ပြီးတော့ ပြည်သူ (၉)ဦးကို ဖမ်းသွားတယ်” လို့ ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ စလင်းမြို့ထွေ/အုပ်ရုံးကနေ အင်အား (၂၀၀)လောက်နဲ့ ထွက်လာပြီး ပန်းတိမ်ကုန်းရွာကို ဝင်ရောက်ကာ ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့သလို နေအိမ်တွေကို မီးရှို့ပြီး တန်ဖိုးရှိပစ္စည်းတွေကို သယ်ယူသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ အကြမ်းဖက်စကမက စစ်ကြောင်းထိုးမယ့်ရွာတွေကို အရင်ဆုံး လက်နက်ကြီးတွေ ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးမှ စစ်ကြောင်းထိုးဝင်တာ” လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီစစ်တပ်ဟာ ပန်းတိမ်ကုန်းရွာကနေ ကညှပ်ရွာကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နောင်တော်လေးနဲ့ နောင်တော်ကြီးရွာကို ဒရုန်းဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာခံတွေကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး နောင်တော်ကြီးရွာကနေ ဥယျာဉ်စုရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ အကြမ်းဖက်စစ်တပ်က စလင်းချောင်းတောင်ဘက်ရှိ ကျေးရွာ (၅)ရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး/ငယ်တွေအပြင် ဒရုန်းဗုံးတွေချပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာရှိခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးကာ ရွာပေါင်း (၁၂)ရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။






