မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ
ဖေဖော်ဝါရီလ (၃)ရက်။
မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကော်မရှင်ဝန်ကြီး တင်အောင်စန်းရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတာလို့ ဆိုပါတယ်။
နေပြည်တော်ကိုရောက်လာတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ကို စစ်ကော်မရှင်ဝန်ကြီး တင်အောင်စန်းက တွေ့ဆုံပြီး လုံခြုံရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်တာ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတာတွေကို တန်ပြန်တာ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေနဲ့ လေ့ကျင့်ရေးသင်တန်းတွေ ကူညီပံ့ပိုးပေးတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ရုရှားနိုင်ငံရဲ့ ဒုကာကွယ်ရေးဝန်ကြီးလဲ နေပြည်တော်ကို ရောက်နေပြီး စစ်ကော်မရှင်ဝန်ကြီး မောင်မောင်အေးနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို ရုရှားကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော်ကို ရောက်ရှိတဲ့အချိန်တိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံတာခဲ့ပေမယ့် အခုတကြိမ်မှာတော့ ထွက်မတွေ့နိုင်တဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက အမျိုးမျိုး ပြောဆိုနေကြပါတယ်။
မင်းအောင်လှိုင်ဟာ မန္တလေးရှိ လပခဌာနချုပ်ကို ယတြာချေဖို့ ခေတ္တဝင်တည်းချိန် တော်လှန်ရေးတပ်တွေရဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။
အခုဆို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ (၁)ပတ်နီးပါးအထိရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေး နန်းတွင်းထဲ ရှော့တိုက်ဒူံတွေနဲ့ ပစ်ခတ်ခံရတာကြောင့် ဒုတိုင်းမှူးနဲ့ တပ်မ(၉၉)တို့ (၂)ဦးကို ဖမ်းဆီးထားပြီး အပြန်အလှန် အပြစ်တင်တာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။








