ဖေဖော်ဝါရီလ (၄)ရက်။
မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင် အယောက် (၃၀)လောက်သေပြီး (၂၀)ကျော်လောက် ဒဏ်ရာရတယ်ဆိုပြီး ကြားတယ်” လို့ CNDF ပြောခွင့်ရ ဆလိုင်းတင်မီက ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေလဲ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အခုလို ဖလမ်းမြိုတိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းကစပြီး သိုင်းငင်း-ဖလမ်းနဲ့ ဝေဘူလ-ဖလမ်း လမ်းကြောင်းတွေကနေ အင်အား (၈၀၀)ကနေ (၁၀၀)အသုံးပြုကာ ထိုးစစ်ဆင်ခဲ့တာလို့ ဒေသထဲသတင်းတွေက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲကာလ (၃)လထဲ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့ပြီး တတိယအကြိမ်အနေနဲ့ ဇန်နဝါရီလထဲက ကလေး-သိုင်းငင်းလမ်းကြောင်းကနေ အင်အား (၃၀၀)ခန့်နဲ့ ဖြည့်တင်းလာခဲ့တာလို့ သိရပါတယ်။








