ဖေဖော်ဝါရီလ (၄)ရက်။
ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့ သက္ကယ်ကျင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ဗုံးကြဲသွားတာ။ ကြဲချတဲ့နေရာကလဲ စစ်ရှောင်တွေနေတဲ့နေရာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ နမခဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာတစီးဟာ သက္ကယ်ကျင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲက စစ်ဘေးရှောင်တွေရှိတဲ့နေရာကို ဗုံးကြဲချခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို လေကြောင်းဗုံးကြဲတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်သားအဖ (၂)ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးတပါးအပါအဝင် ပြည်သူ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ထဲ စစ်တပ်ရဲ့ နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးတာကြောင့် ဘုန်းကြီးကျောင်းထဲ ခိုလှုံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ မုံရွာနဲ့ ချောင်းဦးတဝိုက်မှာ ပါရာမော်တာတွေ Gyrocopter တွေနဲ့ မကြာခဏ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။








