ဖေဖော်ဝါရီလ (၅)ရက်။
KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့ ရှေ့တန်းကနေ ဦးဆောင်ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းလို့ ဆိုပါတယ်။
ဒါ့ကြောင့် NUG အနေနဲ့ ကချင်တမျိုးသားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အထိ မဟာမိတ်ကချင်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး (၆၅)နှစ်တာကာလထဲ တိုက်ပွဲဝင်ရင်း ကချင်အမျိုးသားတွေရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရတာတွေ၊ နစ်နာဆုံးရှုံးတာတွေအပေါ် ဦးညွတ်အလေးပြုတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးခရီးတလျှောက် ပေးဆပ်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ၊ မိသားစုဝင်တွေနဲ့ ကချင်စစ်ဘေးရှောင် အယောက်စီတိုင်းအတွက် ထိုက်တန်တဲ့ တရားမျှတမှုတွေ ပြန်လည်ရရှိဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ NUG က ပြောဆိုထားပါတယ်။
ကချင်တိုင်းရင်းသားတို့ရဲ့ ဆုံးရှုံးနစ်နာခဲ့ရတဲ့ အမျိုးသားရေးဆိုင်ရာလွတ်လင့်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် စတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိနိုင်ဖို့ ၁၉၆၁ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်ကစပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့တာလို့ သိရပါတယ်။








